Saturday, March 9, 2013

"ပြောင်းလဲနေသော ဘဝများ" ( ဆုရ စာမူ )

chaing
"ပြောင်းလဲနေသော ဘဝများ"“ ဟူး…”
ကိုရင်ငြိမ်း တစ်ယောက် သက်ပြင်း ငွေ့ငွေ့ ချမိသည် ။
ဒီ ပြသနာ ဖြစ်နေတာ အတော် ကြာနေပြီ ဖြစ်သော်လည်း
အဖြေ တစ်ခု ရေရေရာရာ ရဖို့ အလွန် ခက်ခဲ နေမှန်း သူ ကောင်းကောင်း သိပါသည် ။
မပြေလည်သော သူတို့ ဘဝများ အတွက် ပြေလည်ရာ ပြေလည်ကြောင်း
သူ ဒီကိစ္စကို ကြိုးပမ်းကြည့်မိခြင်း သာ ဖြစ်ပါသည် ။

စစချင်း မှာပင် "မဖြစ်နိုင်ပါဘူး" ဆိုသော စကားများ
"နာမည် ကြီးချင်နေတာပါကွာ" ဟူသော စကားများ၏ ဝေဖန်တိုက်ခိုက်မှုကို
သူ အတော်ပင် ကြိုးစားကျော်လွှားခဲ့ရသည်။ လုပ်နေရင်းနှင့် လွှတ်ချလိုက်ပြီး အရင်လို
"ဗိုလ်နေမြဲ ကျားနေမြဲ" ပြန်နေလိုက်ဖို့လည်း သူ မကြာခဏ စဉ်းစား မိခဲ့သည် ။

သူ့မှာ ဘာမှ မရှိပါ ။ ဘာဆို ဘာမှ မရှိပါ ။ဖြစ်ချင်စိတ် တစ်ခု တည်းသာ ရှိပါသည် ။ ဖြစ်သင့်သည် ဟု ယုံကြည်ချက် လည်း မဝံ့မရဲ ရှိမိသောကြောင့် ဒီကိစ္စကို
သူ အခု အချိန် အထိ ကြိုးစားပမ်းစား အကောင်အထည် ဖော်နေခဲ့ခြင်းပင် ဖြစ်ပါသည်။

မသိ နားမလည်၍ ကြောက်ရွံ့ ငုံ့ခံနေကြရရှာသော လူအများစုကို နားလည်အောင် သူ ကြိုးစားပမ်းစား ရှင်းပြ ပြောပြခဲ့ရသည် ။ မိမိတို့၏ လက်ရှိ အခြေအနေ ၊ လုပ်နိုင်စွမ်း ၊ အလားအလာ နှင့် ရသင့်သည့် အခွင့် အရေးများကို သူတို့သိလာအောင် သူ ကြိမ်ဖန်များစွာ ရှင်းပြခဲ့ရသည် ။ သူတို့မျက်လုံးများကတော့ မယုံတစ်ဝက် ယုံတစ်ဝက် ၊ မယုံရဲ ယုံရဲ နှင့် ။

သူ ကိုယ်တိုင်ရော …
လက်တွေ့တွင် ဤမျှ အစစ အရာရာ လွယ်ကူလိမ့်မည် မဟုတ်မှန်း သူ သိပါသည် ။ ဒါပေမယ့် စ ကို စ မှ ရတော့မည် ဟု သူ့ ယုံကြည်ချက် အတိုင်း စခဲ့ခြင်းသာ ဖြစ်ပါသည် ။ နိုင်သလောက် တော့ တွန်းကြည့်ရမည် ဟု သူ ခံယူ လုပ်ဆောင်ခဲ့ ခြင်းသာ ဖြစ်ပါသည် ။

သူတွေးနေဆဲ ဇနီး ဖြစ်သူဤ စကားသံက တိုးဝင်လာသည် ။
"ကိုရင် ဟိုလူတွေ ပြောတဲ့ ကိစ္စ စဉ်းစားပြီးပြီလား "
သူ ခပ်လေးလေးပင် ခေါင်းရမ်းရင်း ပြောမိသည် ။
"မပြောတတ်သေးပါဘူးကွာ ။ ငါလည်း မဆုံးဖြတ်ဝံ့သေးပါဘူး။ မင်းရော ဘယ်လို မြင်လို့တုန်း… " ပြောရင်း ဇနီးဖြစ်သူ၏ ကို လှမ်းကြည့်မိသည် ။
ဇနီးဖြစ်သူက စကားတစ်ခွန်းပြောရန် ရည်ရွယ်ရင်း သူ့ကို လှမ်းအကြည့်
မျက်လုံးချင်း ဆုံလိုက်ကြသည် ။ ဇနီးဖြစ်သူ၏ လည်ပင်းမှ သွေးကြောလေးများ တစ်ချက် လှုပ်ရှားပြီး ပြန်လည် ငြိမ်သက်သွားပုံကို တွေ့လိုက်ရတော့
သူတို့ နှစ်ဦး တစ်ဦးကို တစ်ဦး အပြန်အလှန် နားလည်နေကြပြီး ဖြစ်သည်ကို
သိရှိလိုက်ရသည် ။

"ကိုရင့် သဘောပါပဲ ။ ကျွန်မကတော့ ကိုရင် ဆုံးဖြတ်တာ ၊ လုပ်တာကိုပဲ
အားပေးရမှာပေါ့ " ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သံကို ကြားလိုက်ရင်း

သူအတွေးများက ထပ်လွင့်သွားပြန်သည် ။
အိမ်မှာ စားစရာ လုံလုံလောက်လောက် မရှိမှန်းသိသော်လည်း အလုပ်ထ မလုပ်နိုင်သော သူ့ အဖြစ်ကိုသူ ခေါင်းစဉ်တပ်၍ ရှင်းပြရန် ခက်ခဲနေပါသည် ။

ဟိုတစ်နေ့ကလည်း ကလေး တစ်ယောက်လာသည် ။အရင်လို စိုစိုပြည်ပြည်နှင့်
အများတကာကို တတ်နိုင်သလောက် ကူညီတတ်သော သူ့ဆီကို အားကိုးတကြီး
လာခဲ့ရှာခြင်း ဖြစ်သည် ။ သူ့ဖခင်အတွက် ဆေးဖိုးဝါးခ အခက်အခဲ ဖြစ်နေရှာသည်။
အလုပ်ခွင်မှာ သားအဖ နှစ်ယောက် အလုပ် အတူ လုပ်ကြရင်း ဖခင်ဖြစ်သူမှာ
ခြေထောက်ကို ထိခိုက် ဒါဏ်ရာ ရခဲ့ခြင်း ဖြစ်သည် ။ တောင်းပန်လွန်းမက
တောင်းပန်၍ အလုပ်ရှင်ထံမှ ဒါဏ်ရာကုရန် ထောက်ပံ့ကြေးလေး ရရှာသည် ။

ဤငွေသည် ဖခင် ၏ ဒါဏ်ရာကို သက်သာ ပျောက်ကင်းစေရင်
အထောက်အပံ့ ကောင်းစွာ ဖြစ်သင့်သော်လည်း ကံမကောင်း အကြောင်းမလှစွာပင်
သူ့ဖခင်မှာ ဆီးချို ရောဂါပါ စွဲကပ်နေကြောင်းသိလိုက်ရသည်။ ဆီးချိုကြောင့် အနာကျက်ခဲလှသည့်အပြင် တစ်နေ့တစ်ခြား ပိုဆိုးလာနေသည် ။
ရှိစုမဲ့စု ငွေလေးများနှင့် ဖခင်ကြီး၏ ကျန်းမာရေးကို အတတ်နိုင်ဆုံး ချွေးနှင့် ဆက်နေ ရရှာသည် ။

ဤ လူငယ်ကို သူအလွန်ပင် ကူညီ ချင်ပါသည် ။ကူလည်း ကူညီခဲ့ဖူးပါသည် ။သူကိုယ်တိုင်ပင် အလုပ်ရှင်ထံသို့ လိုက်သွားပြီး ထပ်မံ တောင်းဆိုပေးခဲ့သော်လည်း
အလုပ်ရှင်ထံမှ အလုပ်လုပ်ရင်း ရသည့် ဒါဏ်ရာသာ သူနှင့် ဆိုင်လျှင် ဆိုင်မည်။
ဆီးချို ကြောင့် ဖြစ်သည့် ဒါဏ်ရာတော့ သူနှင့် မဆိုင်ဟူသော တုံ့ပြန် စကားသာ ရခဲ့လေသည်။ ထပ်ပြောလျှင် လက်ရှိလုပ်နေဆဲ ဒီကလေးအတွက်ပါ အလုပ်အခြေအနေ စိုးရိမ်ရ၍ သူတို့ ခေါင်းငိုက်စိုက်ချ ပြန်ခဲ့ရပါသည်။

အချို့ ကိစ္စတွေမှာ ဘောင်ထဲက အတိုင်းပင် လုပ်ရင်း လူတစ်ယောက် ကို သေစေနိုင်သည်ကို သူ နားလည်ခဲ့ရပါသည် ။ နည်းနည်းတော့ ဘောင်ပြင်လေး ထွက်စေချင်မိပါသည် ။ သနား ကရုဏာ နှင့် လူသားချင်း စာနာမှု ဖြင့် ဘောင်ပြင်ကလေး ခဏတော့ ထွက် ၍ လုပ်ပေးစေလိုပါသည် ။

အရင်တစ်ခါက တတ်စွမ်းသ၍ လူအား ၊ ငွေအား ကူညီပေးလိုက်နိုင်သော်လည်း
ယခု တစ်ခါတော့ သူလည်း မစွမ်းသာတော့ပါကြောင်း ဒီကလေးကို ပြောလိုက်ရသည်မှာ ရင်ထဲ အတော်ပင် မကောင်း ဖြစ်ခဲ့ရပါသည် ။

"သူ့ကံပဲလေ" ဟု ဖြေတွေးရင်း "ကိုယ့်ကံ ဘယ်တော့ ရောက်လာမလဲ " ဟု တွေးပူနေမိခဲ့ပါသည် ။

အခုတော့ သူတွေးသလို ဖြစ်လာခဲ့ပြီ ထင်သည် ။ ဒီကိစ္စကြီး ဖြစ်လာကတည်းက
ဒီလို အခြေအနေမျိုး ဖြစ်သွားနိုင်သည် ဟု တွေးမိသော်လည်း ဒီလောက် ကြာကြာ ဖြစ်နိုင်လိမ့်မည်ဟု မထင်ခဲ့ မိပါ ။ ဒီကြားထဲတွင် သဘောရိုး နှင့် လာရောက် ကြည့်ရှု ကူညီသူများလည်း ရှိခဲ့ပါသည် ။ အားပေးကြသည် ။ တိုင်ပင်ကြသည် ။ မိမိတို့၏ လိုအပ်ချက်များကို ရင်နှင့် ရင်း၍ ခံစား နားလည် ပေးခဲ့ကြသည် ။ စခဲ့မိသည့် အလုပ်ကြီး တစ်ခုကို ပြီးဆုံးအောင် တောင့်ခံနိုင်ရန် ထိုက်သင့်လောက် အားပေးကူညီ ခဲ့ကြပါသည် ။ အားလုံး အဆင်ပြေသွားပြီး "သား ရွှေအိုး ထမ်းလာကိန်း" မျိုး မိမိတို့ ကြုံချင်လှပါသည် ။

"ဒီ ဗေဒါတွေ အံကိုမှ ခဲနိုင်ပါတော့ မလား" ဟု တွေးပူရင်း ညပေါင်းများစွာ
ဖြတ်သန်း ခဲ့ရသည် ။ အများ သိသွားပြီ ဆိုလျှင် မျှော်လင့်ချက် အိပ်မက် ကလေးများရောင်စဉ် သန်းလာသော်လည်း လက်တွေ့တွင် ဘာမှ ဖြစ်မလာသေးသည်မှာ
ကြာလှပြီ ဖြစ်သောကြောင့် သူတို့ထဲ က အများစုမှာ အားယုတ်စ ပြုလာနေပြီ ဖြစ်သည်။

"ရွှေပြည်တော် မျှော်တိုင်းဝေး" လည်း မဖြစ်ချင်ပါ ။ "ရွှေပြည်တော်" ကြီးလည်း မလိုချင်လှပါ ။ သူတို့ လိုချင်သည်မှာ အချိန်မှန် မပူမပင် စားသောက် နေထိုင်နိုင်ရုံ ၊ သားသမီးများကို အများတန်းတူ ပညာ သင်ကြားပေးနိုင်ရုံ နှင့် တစ်ခါတစ်ရံ စိတ်လက် အပန်းဖြေရန် အချိန်အားလေးများ ရလာရုံမျှသာ ဖြစ်ပါသည် ။ဒီကိစ္စလေးများ ဖြစ်လာဖို့ ဘာကြောင့် ဒီလောက်တောင် ခက်ခဲရှည်ကြာနေရမှန်း သူ တစ်ခါတစ်လေ နားမလည်နိုင်ပါ ။ နားလည်အောင် ကြိုးစားချင်စိတ် ကုန်ခမ်းလာသည် ဆိုလျှင် ပိုမှန် ပါလိမ့်မည်။

"အဖေ သားတို့ သွားတော့မယ် " သားကြီး နှင့် သားငယ် တို့၏ နှုတ်ဆက် ထွက်ခွာသွားသံက သူ့နားထဲ တိုးဝင်လာသည် ။ သူတို့လေးတွေ၏ ကျောပြင်ကို

ကြည့်ရင်း သူတို့လေးတွေ အတွက် လှပသည့် အနာဂတ် တစ်ခု တည်ဆောက်ပေးနိုင်ရန် မိမိ ဘာတတ်နိုင်သေးသလဲ ဟု စဉ်းစားကြည့်မိသည် ။ မိမိတို့မှာ ငွေမရှိပါ ။ ဂုဏ်မရှိပါ ။ ကျောထောက်နောက်ခံ အသိုင်းအဝိုင်း ကောင်းနှင့် လက်ဖျားငွေသီးနိုင်မည့် ပညာရပ် မျိုး မတတ်ကျွမ်းပါသောကြောင့် သားသမီးတို့ အတွက် ထားခဲ့နိုင်သော အမွေသည် ယခု စခဲ့ပြီး အလုပ်ကို ပြီးဆုံးအောင် ဆက်လုပ်ဖို့ပင် ဖြစ်ကြောင်း သူအသိပြန်ဝင်လာမိသည် ။

သူ့ အတွက် ဖြတ်လမ်းများကို မက် နေလို့ မဖြစ်ပါ ။ ခဏတာလေး အဆင်ပြေမှုကို မက်၍ တစ် ဘဝ စာ ၊ မျိုးဆက် တစ်ခု စာ ယိုင်နဲ့နေသော အခြေအနေများကို လက်ဆင့်ကမ်းပေးခဲ့လျှင် သူတို့ မတရား ရာ ကျပါလိမ့်မည် ။ ယခု လို ထပ်မံ စဉ်းစားမိမှပင် ရင်ထဲက အစိုင်အခဲကြီး ကြေ တော့သည် ။

ယတိပြတ် ဆုံးဖြတ် ပြီးသည့် အခါမှ သူ ပြုံးနိုင်လာသည် ။ မျက် လုံး ကိုမှိတ် ၊ အံကို ကြိတ်ရင်း ကိုရင် ငြိမ်း တစ်ယောက် အားရပါးရ ပြုံးနိုင်လာသည် ။ ထို့နောက် ဇနီး ဖြစ်သူထံသို့ အော် ပြောလိုက်မိသည် ။

"မိန်းမရေ ငါ သွားတော့မယ်ကွာ ။ ဟိုလူတွေ ပြောတဲ့ ကိစ္စတွေ ဘာတစ်ခုမှ လက်မခံတော့ဘူး ။ ငါတို့ ဖြစ်သေးရဲ့ မဟုတ်လား " ဇနီး ဖြစ်သူက မီးဖိုချောင်ထဲမှ ပြန်ထွက်လာရင်း သူ့မျက်နှာကို သေချာ ကြည့်ရှာသည် ။ သူ့မျက်နှာကို သေချာ မြင်တော့ သူတို့ လင်မ ယား ည အိပ်ရာဝင်တိုင်း ပြောနေကျ သူ့စကားများကို ပြန်လည်ကြားယောင်လာလေဟန်တူသည် ။ယောကျာ်း ဖြစ်သူ မျက်နှာ ပြောင်းလဲသွားပုံကို ကြည့်ရင်း သူမလည်း ရင်ထဲမှာ အားသစ်များ ပြန်ရလာဟန် တူသည် ။

" ကိုရင့် သဘောပါ ကိုရင် ရယ် ။ ထား ကတော့ ကိုရင်တို့ ရည်မှန်းချက် အောင်မြင်ပါစေလို့ပဲ ဆုတောင်းပေးနေပါ့မယ် " ဟု ပြုံးရင်း ပြန်ပြောလေသည် ။

ကိုရင် ငြိမ်း တစ်ယောက် ဇနီးသည် ၏ စကားသံအကြား ကျေနပ်စွာ နှုတ်ဆက် ထွက်ခွာလာခဲ့သည် ။

သူ့ကို လစာ နှင့် ခံစားခွင့် တိုးပေး ပြီး အားလုံးကို ချွေးသိပ် ဖြေရှင်းပေးရန်
ကမ်းလှမ်းလာသော သူ့ အလုပ်ရှင်ကို လည်းကောင်း ၊
သူတို့ အပေါ်မှာ အလုပ်ရှင်များက တကယ် မကျူးလွန်သော အပြစ်များကို
ကျူးလွန် သယောင် ဖန်တီးပြောဆို၍ လူအများ၏ သနားဂရုဏာ နှင့်
အုံကြွမှူကို ဖန်တီးစေလိုသော အယောင်ဆောင် နိုင်ငံရေးသမားများ နှင့်
ပြည်ပ မီဒီယာ ဆိုသူများ ၏ "ခင်ဗျား နာမည် ကြီးအောင် လုပ်ပေးမယ် "
"နောက်ဆို ထောက်ပံ့ကြေးတွေ အများကြီး ရမှာ" ဟူသော ကမ်းလှမ်းချက်များကို လည်းကောင်း လက်ခံ ရယူခြင်း မရှိပဲ
သူ နှင့် သူ့ လို ဘဝတူ အလုပ်သမားများအတွက် တရားဥပဒေ ဘောင်အတွင်းမှ
ပြောင်းလဲပေးပါရန် တရားဥပဒေ နှင့် အညီ ငြိမ်းချမ်းစွာ ဆက်လက်တောင်းဆိုရန်အတွက်

ဟင်း ရယ်လို့မပါသော ထမင်းချိုင့် လေးကို ဆွဲရင်း ကိုရင် ငြိမ်း တစ်ယောက် ထွက်လာခဲ့ခြင်း ဖြစ်ပါသည် ။

ပြောင်းလဲ ဖို့အတွက် အခွင့်အရေးတွေ ရှိနေချိန် ၊ တစ်စ တစ်စ ပြောင်းလဲနေချိန်မှာ သူလည်း ပြောင်းလဲခြင်း ဖြစ်စဉ်ထဲတွင် မှန်မှန်ကန်ကန် စီးမျောလိုက်ပါလိုပါသည် ။

ကိုဇင်ဇေ (STG)
၁၈ ၊ ၁ ၊ ၂၀၁၃
zinzae@gmail.com
09- 4311 5202

No comments:

Post a Comment