Saturday, March 9, 2013

ကျွန်တော် နှင့် "ပြောင်းလဲနေသော ဘဝများ" (ဧရာ ဝတီ စာပေပွဲတော်)

me n
ကျွန်တော် နှင့် "ပြောင်းလဲနေသော ဘဝများ" (ဧရာ ဝတီ စာပေပွဲတော်)ကျွန်တော် ရှေ့ဆက်မယ့် ခရီးအတွက်
အားတက်စရာ ခြေလှမ်းတစ်ခုတော့ ပီပီပြင်ပြင် ချနိုင်ခဲ့ပါပြီ ...
"ဧရာ ဝတီ စာပေပွဲတော်" တဲ့ ...
ဒီပြိုင်ပွဲကို စိတ်ဝင်စားခဲ့မိတာက
ပေးထားတဲ့ ပြိုင်ပွဲဝင် စာမူ ခေါင်းစဉ် ကြောင့်ပါ ...
"ပြောင်းလဲနေသော ဘဝများ"ကျွန်တော်က အပြောင်းအလဲတွေကို စိတ်ဝင်စားတယ် ...
ကျွန်တော့် ဘဝမှာလည်း ကြီးကြီးမားမား အပြောင်းအလဲတွေကို
ရူးရူးမိုက်မိုက် လုပ်ယူခဲ့ဖူးတယ်...ဒီနေ့ ကျွန်တော် ရှင်သန်နေထိုင်နေရတဲ့
ကျွန်တော်နဲ့ ထိစပ်နေတဲ့
လူငယ်တွေကို အရမ်း ပြောင်းလဲစေချင်တယ် ...
တိုးတက်စေချင်တယ်...
ဖြစ်နိုင်ရင်တော့ တစ်နိုင်ငံလုံးကိုပေါ့ဗျာ....
ဒါပေမယ့် ဒီ အတိုင်းအတာလောက် အထိ
ကျွန်တော် လက်လှမ်းမမှီနိုင်ပါဘူး ...

ဒါကြောင့် အပြောင်းအလဲ တွေ
သူများဖန်တီးပေးတာကို ထိုင်စောင့်နေမလား...?
လက်ခုပ်လက်ဝါးတီးပြီး အားပေးနေမလား...?
ဘေးထိုင် လက်ပိုက်ကြည့်ပြီး ဝေဖန်လေကန်နေမလား ...?
ကိုယ်တိုင် ပဲ ကိုယ်တတ်နိုင်သလောက်
တစ်နိုင်တစ်ပိုင် လေး ထလုပ်မလား...?

ကျွန်တော် တတ်နိုင်သလောက်
တစ်နိုင်တစ်ပိုင် လေး ထလုပ်ဖို့ရွေးချယ်ခဲ့ပါတယ် ...
ဒါကြောင့် ကျွန်တော် Sharing Together Group
ဆိုပြီး ဖွဲ့နိုင်အောင် ကြိုးပမ်းခဲ့တယ် ...
ကျွန်တော် တတ်နိုင်သလောက် ...
ရသလောက် ကျွန်တော် တွန်းတယ်ပေါ့ဗျာ...
ကျွန်တော့်မှာ လူမှူရေး သီးသန့်လုပ်ပြီး
ရပ်တည်နေနိုင်မယ့် အင်အားမျိုးမရှိပါဘူး...
ဒါကြောင့် ကျွန်တော်လုပ်နိုင်သလောက်
နည်းနည်းနဲ့ ထိထိရောက်ရောက် ဖြစ်နိုင်အောင် ကြိုးပမ်းခဲ့ပါတယ်...

ပြောင်းလဲသွားတဲ့ လူငယ်တွေ... မိတ်ဆွေတွေလည်း ရှိရဲ့...
တကယ် နဖူးတွေ့ ဒူးတွေ့ ကျတော့ ပြောင်းလဲဖို့ အတွက်
မပေးဆပ်နိုင်တဲ့ လူတွေလည်း တွေ့ရရဲ့ ...
မိတ်ဆွေကောင်းတွေ ညီအကိုတွေ STG ကနေ ရခဲ့ပါတယ်...

ဘာပဲပြောပြော...
"အကို့ဆီက အား တွေ ရတယ်..."
"ကိုဇင်ဇေဆီက ဒီ အကြံကောင်းလေးရတယ်..."ဆိုတာတွေနဲ့တင်
ကျွန်တော် ကျေနပ်နေခဲ့ ... ကျေနပ်နေမြဲပါပဲ ...

ဒီတော့ ဒီခေါင်းစဉ် "ပြောင်းလဲနေသော ဘဝများ"ဟာ
ကျွန်တော့်ကို အတော်လေးဖမ်းစားနိုင်ခဲ့တယ် ...
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်
အတော်လေး အားပေးထောက်ခံတဲ့ ပွဲတော်ရဲ့ ပြိုင်ပွဲတစ်ခု ဖြစ်တာမှို့
လူများစုရဲ့ စိတ်ဝင်စား မှု ...အားပေးမှု ...ပါဝင် ယှဉ်ပြိုင်မှုတွေကြောင့်
ကျွန်တော့်ကို ကျွန်တော် ဒီဆု ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...

(ကြားထဲမှာ ပြိုင်လက်စ အခြားစာပေပြိုင်ပွဲတစ်ခုရော ...
လက်ခံထားတဲ့ အလုပ်တွေရော ...
စာသင်နေတာရော.... တွေရဲ့ ကြားမှာ
ပြိုင်ဖြစ်တော့မှာ မဟုတ်တော့ဘူးလို့တောင်
တွေးမိခဲ့တယ်...
တစ်ယောက်သော သူရဲ့ အမြဲမပြတ်အားပေးတိုက်တွန်းမှူသာ မပါရင်
ကျွန်တော် ပြိုင်ဖြစ်ချင်မှ ပြိုင်ဖြစ်တော့မှာပါ ...)

နောက်တော့ ရသမျှ အချိန်လေးတွေ ဆွဲထုတ်ပြီး စာမူရေးဖြစ်ခဲ့တယ်...
ပြီးတော့ မြန်မာစာ အခု အချိန်အထိ မရိုက်တတ်သေးတဲ့ ကျွန်တော်
Burglish Translator လေး သုံးပြီး
အသည်းအသန်ရိုက် စာမူပို့ပေးခဲ့ရတယ်...
ပို့သာ ပို့ပေးလိုက်ရတယ်...
သိပ် မမျှော်မှန်းထားဘူး ...

ဘာလို့ဆို ကျွန်တော့်ထုံးစံ အတိုင်း ပြိုင်ပွဲသာ ဝင်ပြိုင်တာ ...
ပြိုင်ပွဲကြိုက်အောင် တကူး တက မပြင်ဆင်တတ်ဘူး ...
ကိုယ့်ရင်ထဲမှာ ရှိတာ ကို ပဲ ချရေး ချပြောတတ်တာ ဖြစ်တော့
ကျွန်တော် တည်လိုက်တဲ့ အကြောင်းအရာနဲ့
ဇာတ်အချိုး ၊ အသိမ်း ၊ နောက်ခံ အယူအဆတွေဟာ
လူများစူ အတွက် အဆင်မပြေလောက်ဘူးလို့ ပဲ ထင်နေမိတယ်...
(ကျွန်တော့် စာမူကို Facebook မှာ သာ ဒီတိုင်း တင်ထားလိုက်ရင်
ကျွန်တော် ပြောရဲတယ် ...
ကျွန်တော့် ကို "မင်း ဘာကောင်လဲ "ဆိုပြီး
လာဆဲသွားကြမယ့်လူတွေ ရှိဦးမယ် ... :) )

မထင်မှတ်ပဲ နဲ့ နောက်ဆုံး စာရင်းထဲ ပါလာခဲ့တယ် ...
ဒါပေမယ့် အများကြီး ကြားမှာ ရွေးဦးမှာပဲလို့
မရလောက် ပါဘူးလို့ ပဲ တွေးထားတယ်...
ဒီကြားထဲမှာ အလုပ်လဲ ဖိလုပ်နေမိတယ်...
( စာမှူတွေကို ဒေါ်စုကိုယ်တိုင် အကဲဖြတ်ပေးမယ်လို့
ကြားမိတော့ ကျွန်တော့် ဇာတ်နဲ့တော့ မလွယ်ဘူး လို့ပဲ ထင်မိတယ်...
ကျွန်တော့် စာမူ တင်ပေးလိုက်ပါဦးမယ်...
ဖတ်ကြည့်ရင် ကျွန်တော် ရေးပြီး ဘာကြောင့် စိတ်လျှော့ထားလဲ မြင်မှာပါ...
ကျွန်တော့်အတွက်တော့ ကိုယ် ယုံကြည်သလို ဖန်တီးခွင့်ရခဲ့ပြီးပြီမှို့
ပြီးသွားပြီ... ကျေနပ်သွားပြီ... )

ဒီနေ့ အင်းယားလိပ် "ဧရာ ဝတီ စာပေပွဲတော်" ကို ရောက်တော့ မှ
ကျွန်တော် စ အံ့ဩတာ ...
နောက်ဆုံး စာရင်း က ၃ ယောက်ထဲ ဆိုတာ သိလိုက်ရလို့
ပြီးတော့ လူက ကြောင်တောင် တောင် ဖြစ်နေတယ်...
ဒါဆို ငါရသွားနိုင်လားပေါ့...
ပွဲတော်ထဲမှာ ကပ်ထားတဲ့ စာတွေ လိုက်ဖတ်ရင်းလည်း
တွေးနေမိတယ်...
ငါ့လောက် ထော်လော်ကန့်လန့် ရေးထားတဲ့စာ မတွေ့ဘူးပေါ့... ;)

ဆုကြေငြာမယ့် အချိန်ရောက်တော့ ဒေါ်စုနားမှာ လူတွေ အုံခဲနေပြီ...
ကျွန်တော် နောက်နားမှာပဲ အေးအေး နေဖြစ်တယ်...
English စာမူ ဆုကို အရင် ကြေညာတယ် ...
ခပ်သွက်သွက်ပဲ...
ပထမဆု ရသူကို နောက်ဆုံးပေါ့....
ဆုဟာ ဒေါ်စုနဲ့ ယှဉ်လိုက်တော့ အများကြီးမှိန်သွားတယ်...
သူတို့လည်း အချိန် အခက်အခဲရှိသွားလို့နဲ့ တူပါတယ်...
သိပ်ပြီး ရင်ခုန် ရအောင် မကြေငြာဘူး...

နောက်တော့ မြန်မာ စာမူ တစ်ယောက် ခေါ်တယ် ...
ကျွန်တော် မဟုတ်ဘူး ...
ဟာ ဒါဆို ငါများ ရပြီလား ...
နောက် တစ်ယောက် ထပ်ခေါ်တယ်...
ကျွန်တော် မဟုတ်ပြန်ဘူး ...
ဟာ ဒါဆို ငါပဲ ကျန်တော့တာပေါ့...
ငါ နိုင်ပြီပေါ့ ...
ဟုတ်မှ ဟုတ်ရဲ့လား....
တစ်ခုခုများ အမှား အရွင်း ရှိနေမလား ဆက်နားစွင့်နေမိတယ်...
နောက်တော့ "The Winner is..." ဆိုပြီး
ကျွန်တော့်နာမည်ရင်း "မျိုးဇင်လွင်" ကို ခေါ်လိုက်တော့
ကျွန်တော် ဒေါ်စု အနား ရောက်သွားရတယ် ...

သူက လက်လှမ်းပေးတယ် ...
ဂုဏ်ယူပါတယ်သား တဲ့
ကျွန်တော် "ဟုတ်" လို့ပဲ ပြော ပြီး လက်ဆွဲနှုတ်ဆက်ရင်း
သူ့ကို ကြည့်မိတယ်...
အနီးကပ်ကြည့်မိတော့ ဒေါ်စု မျက်နှာက ပြုံးနေပေမယ့်
အလွန် ပင်ပန်းနေမှန်း... အလုပ်လုပ်နေရမှန်း သိသာ လွန်းတယ်...

(ကျွန်တော် အခု တလော တစ်နေ့ကို ၁၄ နာရီကနေ ၁၈ နာရီလောက် အထိ
အလုပ်လုပ်ရတော့ အိပ်ရေးပျက်ပြီး မျက်နှာက မွဲ မွဲ လာတယ်လို့
အမေက ပြောနေတာ ကြာပြီ ...
ကျွန်တော် က "ရပါတယ် အမေရာ ...
နောက်တော့ ရိုးသွားမှာပါ... "လို့ပဲ ပြောလေ့ရှိတယ်...
အမေကတော့ ပြန်ပြောတတ်တယ်...
"ရိုးမသွားပဲ ရူးသွားမှဖြင့်" တဲ့ ...)

ဒေါ်စု မျက်နှာကတော့
အများကြီး ရင်ဆိုင်ပြီးသူ တစ်ယောက်မှို့ ပင်ပန်းပေမယ့်
ကြည်လင်နေသယောင် ထင်ရပါတယ် ...
(ဒီလို မြင်ရအောင် သူ ဘယ်လောက်တောင် ရုပ်ပိုင်း
စိတ်ပိုင်း လေ့ကျင့်ထားရမလဲလို့ တွေးနေမိခဲ့တယ်...)

နောက် ဒေါ်စုက စကား တစ်ခွန်းထပ်မေးတယ် ...
"သား ဘာလုပ်နေလဲ" တဲ့...
ကျွန်တော် အပြေးအလွှားစဉ်းစားလိုက်ရတယ်...
ဒီလို အမေးခံရမယ် (အထူးသဖြင့် ဒေါ်စု လို လူတစ်ယောက်ကို
ကိုယ် ဘာလုပ်နေလဲ ပြောပြရမယ်လို့ ) မပြင်ဆင်ထားခဲ့ဖူးဘူး ...
- သဘောင်္ လိုက်ခဲ့ပါတယ်...
- ဈေးကွက် ရှာဖွေရေးနဲ့ စီးပွါးရေးအကြံပေး လုပ်နေပါတယ်...
- စီးပွါးရေး လုပ်နေပါတယ်...
- English စာသင်ပေးနေပါတယ်...
- လူငယ်တွေ ပြောင်းလဲနိုင်ဖို့ အတွက် အဖွဲ့လေး ဖွဲ့ပြီး
နိုင်သလောက် လုပ်ပေးနေပါတယ်...
ကျွန်တော် လုပ်နေတာတွေထဲက ဘာပြန်ဖြေရမှန်းမသိဘူး ...

ဒါပေမယ့် အလျှင်အမြန် ပဲ စဉ်းစားဆုံးဖြတ်လိုက်ရပြီး
ကျွန်တော် အမြဲ ဂုဏ်ယူ ရူးသွပ်နေရတဲ့ အလုပ်တစ်ခုပဲ
ကျွန်တော့် ပါးစပ်က ထွက်ကျလာတယ် ...
ဘာ စကား တန်ဆာမှလည်း မဆင်လိုက်ရပါဘူး...
.
.
.
.
.
.
.
.

"ကျွန်တော် စာသင်နေပါတယ်..."

လေးစားလျှက်
ကိုဇင်ဇေ (STG)
2 , Feb, 2013
www.facebook.com/sharingtogethergroup

1 comment:

  1. ကိုဇင်ဇေ ..အခြားဘလော့ကနေ လင့်ခ်တွေ့လို့  အလည်ရောက်ခဲ့ပါတယ်။ Cheers up !
    Yin Nyein

    ReplyDelete